ငပုတောမြို့နယ်တွင် တပ်ပြေးနှင့် ရဲပြေးများကို စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့တွင် တပ်ပြေးနှင့် ရဲပြေးများကို ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး နေကြောင်း ဒေသခံများထံကသိရသည်။

ငရုတ်ကောင်းမြို့ ဂျမ်းကပ်ကျေးရွာ၊ ပိုးလောင်းကျေးရွာနှင့် ငရုတ်ကောင်းတောင် ကျေးရွာများတွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ပြေးနှင့် ရဲပြေး ခြောက်ဦးခန့်ဖမ်း ဆီးခံထားရကြောင်း သိရသည်။

“စစ်ကောင်စီတပ်က CDM စစ်သားတွေ ၊ CDM ရဲတွေကိုလိုက်ဖမ်းနေတာမဟုတ်ဘူး။ ရှေ့တန်းမထွက်ချင်လို့ ပြေးလာပြီး အပျောက်နေနေတဲ့ စစ်သားတွေနဲ့ ရဲတွေကို စာရင်းအတိအကျနဲ့လိုက်ဖမ်းနေတာ။ အုပ်ချုပ်ရေးမှူးတွေက စစ်ပြေး၊ ရဲပြေးတွေကို အန္တရာယ်မဖြစ်စေရဘူး။ ခဏတွေ့ပြီး စကားပြောချင်တယ်ဆိုပြီးခေါ်တယ်။ ပြီးတော့ စစ်တပ်ကဖမ်းတယ်ပေါ့ဗျာ။ စစ်တပ် အာဏာမသိမ်းခင်တည်းက ပြေးနေတဲ့ စစ်ပြေးတွေလည်း အဖမ်းခံရတဲ့အထဲမှာပါတယ်”ဟု ဒေသတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံ တပ်ပြေးနှင့် ရဲပြေးများအပြင် အခြားမှနေ၍ ငရုတ်ကောင်းမြို့တွင် လာရောက်တိမ်းရှောင်နေကြသည့် တပ်ပြေးနှင့် ရဲပြေးများကိုပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။

လက်ရှိတွင် ငရုတ်ကောင်းမြို့အပိုင်ကျေးရွာများ၌ စစ်ကောင်စီတပ်များ တပ်ဖြန့် ထားပြီး ဒေသခံများထံမှ မတရားရိက္ခတောင်းယူခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ စစ်ကောင်စီတပ်ပြေးနှင့် ရဲပြေးများကို လိုက်လံဖမ်းဆီးနေမှုနှင့် ပတ်သတ်၍ စစ်ကောင်စီတပ်၏ CDM အရာရှိတစ်ဦး ယခုလို ပြောကြားသည်။

“သူတို့ဆီ(စစ်ကောင်စီတပ်)မှာမလုပ်ချင်လို့၊ သူတို့လုပ်ရပ်တွေကို မကြိုက်လို့ ပြေးတာလေ။ လွှတ်ပေးလိုက်ပေါ့ဗျာ။ ဒီလိုလုပ်နေတာတော့ မတရားဘူးလို့မြင်တယ်။ ပြန်မိသွားရင်တော့ အခြားအဆင့် တပ်သားတွေကို တပ်ထဲပြန်ဝင်ခိုင်းပြီး စစ်တပ်က အရာရှိတွေ ဆိုရင်တော့ တပ်ချင်တဲ့ ပုဒ်မတပ်ပြီး ထောင်ချလိမ့်မယ်”ဟု ဆိုသည်။mizzima

Design a site like this with WordPress.com
Get started