အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်

အောင်မြင်တဲ့ မိဘတွေဖြစ်ဖို့ အချက်တွေကို သင်သိပါသလား။ သိတာမခက်ပါဘူး။ အင်တာနက်ထဲမှာ မိမိကလေးကို အောင်အေင်မြင်မြင် ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင် ပေးရမလဲဆိုတာ ရေးထားတဲ့ ဆောင်းပါးတွေ အများကြီးပါ။ ဒါပေမယ့် ဒီအတိုင်း တကယ်လိုက်လုပ်ရတာကော လွယ်ကူပါရဲ့လား။ ဒီအကြံဉာဏ်တွေအတိုင်း လိုက်လုပ်ပါပြီတဲ့၊ တကယ်ရော သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တဲ့ မိဘတွေ ဖြစ်သွားရောလား။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့ မိဘဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ အောက်ပါ အချက် (၆) ချက်ဟာ အောင်မြင်တဲ့ မိဘတွေ ဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) သင့်ကလေးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူ့ရဲ့ အနာဂါတ် အိမ်မက်တွေကို သင်နဲ့အတူ မျှဝေ ရင်ဖွင့်မယ်

ကလေးတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အနာဂါတ် စိတ်ကူးတွေ၊ အနာဂါတ်အတွက် အိမ်မက်တွေကို လူတိုင်းနဲ့ မျှဝေတာ မဟုတ်ပါဘူး။ သူတို့ ယုံကြည်တဲ့၊ သူတို့အပေါ် တကယ်နားလည်မှု ပေးနိုင်မယ့်၊ သူတို့အပေါ် ပျက်ရယ်ပြုတာမျိုး မလုပ်မယ့်သူမျိုးကိုသာ မျှဝေတာပါ။ အကယ်လို့ မိဘလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးမစိုက်ဘူး၊ နားလည်မှု မပေးနိုင်ဘူးလို့ သူတို့ထင်ရင်၊ သူတို့ရဲ့ အနာဂါတ်အိမ်မက်တွေကို နားလည်လက်ခံ နိုင်မှု မရှိဘူးလို့ သူတို့ထင်ရင် သူတို့ဟာ သူတို့မိဘတွေနဲ့ ဒီစိုးရိမ်မှုတွေ၊ အနာဂါတ်အိမ်မက်တွေကို မျှဝေမှာ မဟုတ်ပါဘူး။ သားသမီးလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ခံစားမှု၊ အနာဂါတ် စိတ်ကူအိမ်မက်တွေ အစရှိတာတွေကို သင့်ကိုမျှဝေပြောပြတယ်ဆိုရင် သင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို ခံရတဲ့ အောင်မြင်တဲ့ မိဘတစ်ယောက် ဖြစ်လို့ပါပဲ။

(၂) သင့်ကလေးဟာ သင်နဲ့နှစ်ယောက်ထဲရှိတဲ့ အချိန်တွေကို လိုလားတယ်ဆိုရင်

မိဘကို ချစ်တဲ့၊ အားကိုးတဲ့၊ ယုံကြည်တဲ့ ကလေးဟာ မိဘနဲ့ အတူနှစ်ယောက်ထဲ ရှိတဲ့ အချိန်တွေကို တန်ဖိုးထား လိုလားတောင့်တ ကြပါတယ်။ ဒီအချိန်မှာ သူဟာမိဘရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရတာကိုး။ မိဘအပေါ် ယုံကြည်အားကိုးမှု အပြည့်အဝ မရှိတဲ့ ကလေးတွေကတော့ မိဘနဲ့ နှစ်ကိုယ်ထဲ ရှိဖို့ထက် အခြားသူတွေနဲ့ ရှိမယ့်အချိန်တွေကိုပဲ လိုလားပါတယ်။ အကယ်လို့ သင့်ကလေးဟာ သင်နဲ့ နှစ်ယောက်ထဲ ရှိချိန်တွေကို တောင်ဆိုတယ်ဆိုရင် သင်ဟာအောင်မြင်တဲ့ မိဘဖြစ်လို့ ဝမ်းသာဂုဏ်ယူသင့်ပါတယ်။

ကလေးတိုင်းကို တစ်ယောက်ချင်းစီအတွက် အနည်းဆုံး တစ်ပတ်မှာ နာရီအနည်းငယ် ပေးနိုင်ဖို့ ကြိုးစားပါ။

(၃) သင့်ကလေးဟာ သင့်ရှေ့မှာ ဝမ်းနည်းငိုကြွေးဖို့ ဝန်မလေးဘူးဆိုရင်

ဟုတ်ပါတယ်။ ဒါဟာဘာကိုပြလဲဆိုရင် သူတို့ဒီလို ဝမ်းနည်းငိုကြွေးလို့၊ ခံစာနေရတာတွေကို ရင်ဖွင့်ဖို့ ဝန်းမလေးဘူးဆိုတာ သင်ဟာသူတို့ကို ဒီအတွက်ကြောင့် အထင်သေးသွားတာ၊ စိတ်ပျက်သွားတာ၊ အပြစ်တင်တာမျိုး မလုပ်ပဲ သူတို့အပေါ်နားလည်ပေးနိုင်မယ်လို့ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

(၄) သူတို့မအောင်မြင်မှု ဆုံးရှုံးမှုတွေ ကြုံလာတဲ့ အခါမျိုးမှာ သင့်ဆီက နှစ်သိမ့်မှုကို လိုလားတယ်ဆိုရင်

အချို့ကလေးတွေဟာ အကူအညီလိုတဲ့အခါမျိုးမှာ တောင်းဆိုဖို့ ဝန်မလေးကြပါဘူး။ အချိုကလေးတွေကတော့ ဒီလိုအကူအညီလိုရင် မိဘဆီက တောင်းဆိုဖို့ ဝန်လေးကြပါတယ်။ သူတို့အခက်အခဲ ကြုံနေရတယ် ဆိုတာကို မိဘလုပ်သူက သတိထားမိရင် အကူအညီပေးဖို့ လက်ကမ်းတဲ့ အခါမျိုးမှသာ ပြောပြတတ်ကြပါတယ်။ မိဘအပေါ် ယုံကြည်တဲ့ သားသမီးတွေကတော့ ဒီလိုအကူအညီလိုတဲ့ အခါမျိုးမှာ မိဘဆီက အကူအညီတောင်းဖို့၊ ဆုံးရှုံးမှုတွေ၊ မအောင်မြင်မှုတွေကို ဖုံးကွယ်မထားပဲ ဖွင့်ဟပြောဖို့ ဝန်မလေးပါဘူး။ ဒါဟာဘာ့ကြောင့်လဲဆို ဒီလိုမအောင်မြင်မှုပေါ်မှာ မိဘကကိုယ့်ကို စိတ်ပျက်သွားမှာ မဟုတ်ဘူး၊ ကိုယ့်ကို ဆူမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုကြောင့်ပဲ ဖြစ်ပါတယ်။

(၅) သင်နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း သင်ကြားပေးတဲ့ အမူအကျင့်တွေကို သင့်ကလေးက လိုက်နာလုပ်ဆောင်တယ်ဆိုရင်

မိဘတွေက ကလေးတွေကို သင်ပေးတဲ့ အနေအထိုင်၊ အမူအကျင့်၊ စိတ်နေစိတ်ထားတိုင်းကို ကလေးတွေက လိုက်လုပ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ပါတ်ဝန်းကျင်၊ အဓိကက သူတို့ရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုဟာ ကလေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ သင်သင်ကြားပျိုးထောင်ပေးလိုက်တဲ့ အလေ့အကျင့်ကောင်းတွေကို ဆယ်ကျော်သက်ရောက်တဲ့အထိ ထိန်းသိမ်းသွားနိုင်တယ် ဆိုရင်တော့ သင်ဟာ တကယ့်ကိုအောင်မြင်တဲ့ မိဘကောင်း တစ်ယောက်ဆိုတာ ပြနေတာပါပဲ။

သင်သင်ကြားပေးတာတွေကို ကလေးက လိုက်နာလုပ်ဆောင်ဖို့ဆိုတာ ချက်ခြင်းဖြစ်မလာပါဘူး။ ဒါ့ကြောင့် ကိုယ်ပြောတဲ့အတိုင်း ကလေးကလိုက်မလုပ်ရင် စိတ်ဓါတ်မကျပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဆက်လက်သင်ကြားပေးပါ

(၆) သင်ဟာသင့်ကလေးကို ဘဝရဲ့ အမှန်တရားတွေကို နားဝင်အောင် သင်ကြားပေးနိုင်တယ်ဆိုရင်

သားသမီးတွေ သူတို့ရဲ့ ဘဝမှာ အောင်မြင်မှုရဖို့၊ အထူးသဖြင့် ဆုံးရှုံးမှုတွေနဲ့ ကြုံလာတဲ့ အခါမျိုးမှာ ကြံကြံခံနိုင်ဖို့၊ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို မယိုင်လဲပဲ ကြံကြံခံနိုင်ဖို့ဆိုတာ ဘဝရဲ့ အမှန်တရားတွေကို သိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါတွေသူတို့ သဘောပေါက် နားလည်အောင် သင်ကြားပေးနိုင်မယ်ဆိုရင် သင့်ကလေးဟာ ဘယ်လို အခက်အခဲမျိုးမဆို ကျော်လွှားနိုင်တဲ့ စွမ်းရည်ရရှိသွားပါပြီ။ ဒါဆိုသင်ဟာ အောင်မြင်တဲ့ မိဘတစ်ဦးအဖြစ် လက်မထောင်လို့ ဂုဏ်ယူနိုင်ပါပြီ။

Leave a Reply Cancel reply